Converter

Tuesday

တီဘီရောဂါဖြစ်နေပြီလား

ချောင်းဆိုးတာ တစ်လနီးနီးရှိနေပြီလား?
ဘာပဲလုပ်လုပ် မောပန်းလွယ်ပြီး နုံးခွေနေလား?
အလိုလိုနေရင်း ကိုယ်အလေးချိန် ကျလာပြီလား?
ညနေပိုင်းတွေမှာ အဖျားဝင်တာတွေ ဖြစ်နေပြီလား?
ချောင်းဆိုးတဲ့အခါ ရင်ဘတ်အောင့်ပြီး သွေးပါပါလာပြီလား?
 

       အဲဒါဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြ၊ စစ်ဆေးစရာရှိတာကို အမြန်စစ်ဆေးပေတော့။ မိတ်ဆွေအနေနဲ့ အဆုတ်တီဘီရောဂါခံစားနေရတာ ဖြစ်နေနိုင်လို့ပါ။ တီဘီမှာ အမျိုးအစားများစွာရှိတဲ့အနက်က အဆုတ်တီဘီအကြောင်း သိသင့်သိထိုက်တာတွေကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုပါတယ်။



       တီဘီရောဂါဖြစ်ရတာဟာ Mycobacterium tuberculosis လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်ပြီး ကိုယ်ခံအားနည်းတဲ့သူတွေမှာ ဖြစ်နိုင်သလို ကူးစက်တတ်တဲ့ရောဂါလည်း ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်မှု၊ ကုသမှုတွေ ထိထိရောက်ရောက်လုပ်ရင် ပျောက်ကင်းနိုင်တဲ့ရောဂါဖြစ်ပေမယ့် စနစ်တကျကုသမှု မလုပ်ဘူးဆိုရင်တော့ အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်တဲ့ရောဂါလည်းဖြစ်ပါတယ်။

တီဘီမှာ ဒီလိုအမျိုးအစား ၂ မျိုးရှိပါသေးတယ်။ 
  • ရောဂါလက္ခဏာမပြသေးတဲ့တီဘီ (Latent TB)
  • ရောဂါလက္ခဏာပြတဲ့တီဘီ (Active TB)
       ရောဂါလက္ခဏာမပြသေးတဲ့တီဘီဆိုတာကတော့ ကိုယ့်ခန္ဓာကိုယ်ထဲမှာ တီဘီပိုးရှိနေပေမယ့်လည်း ရောဂါမဖြစ်သေးတာပါ။ သူကတော့ တခြားလူတွေကို ရောဂါမကူးစက်စေနိုင်ပါဘူး။ ဒါပေမဲ့ တီဘီပိုးအချိန်မရွေးထကြွပြီး ရောဂါလက္ခဏာပြနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ကုသဖို့တော့ လိုအပ်ပါတယ်။ ရောဂါလက္ခဏာပြနေပြီဖြစ်တဲ့တီဘီကတော့ ရောဂါရှိသူအနေနဲ့ တီဘီရောဂါဝေဒနာကို ခံစားနေရပြီဖြစ်ပြီး တခြားသူတွေကိုပါ ရောဂါကူးစက်နိုင်ပါတယ်။
       ရောဂါလက္ခဏာပြတဲ့နေရာမှာတော့ တီဘီပိုး ခန္ဓာကိုယ်ထဲ ကူးစက်ဝင်ရောက်ပြီးတဲ့နောက် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ရောဂါလက္ခဏာပြတာမျိုး ဖြစ်နိုင်သလို နှစ်ပေါင်းများစွာကြာပြီးမှ ရောဂါလက္ခဏာပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
       ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံက ရောဂါလက္ခဏာမပြသေးတဲ့ တီဘီရောဂါ (Latent TB)ရှိနေတယ်လို့ ပညာရှင်တွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။

ရောဂါလက္ခဏာပြနေပြီဖြစ်တဲ့ တီဘီရောဂါဖြစ်နေပြီဆိုရင် ဒါတွေကို ခံစားရပါလိမ့်မယ်။
  • ချောင်းဆိုးခြင်း (တစ်လနီးနီး/တစ်လထက်ပို)
  • ချောင်းဆိုးလျှင် ရင်ဘတ်အောင့်ခြင်း
  • ကိုယ်အလေးချိန် အလိုလိုကျခြင်း
  • မောပန်းလွယ်ခြင်း/နုံးခွေခြင်း
  • ညနေပိုင်းတွင်ဖျားခြင်း
  • ညဘက်ချွေးထွက်ခြင်း
  • ခံတွင်းပျက်ခြင်း
       ဒါတွေဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းမှာ စစ်ဆေးမှုအမြန်ဆုံးခံယူပါ။ တီဘီသံသယရှိနေပြီဆိုရင် လိုအပ်တဲ့စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ပေးပါလိမ့်မယ်။ အားလုံးစစ်ဆေးပြီးတဲ့နောက်မှာ တီဘီပိုးရှိနေကြောင်းသေချာပြီ၊ တီဘီဖြစ်နေပြီဆိုရင်တော့ အစိုးရဆေးရုံကြီးတွေနဲ့ ကိုယ်နေထိုင်ရာမြို့နယ်က မြို့နယ်ဒေသန္တရ/ကျန်းမာရေးဌာနက တီဘီရောဂါတိုက်ဖျက်ရေးဌာနမှာ စာရင်းပေးသွင်းပြီး အခမဲ့တီဘီဆေးဝါးတွေနဲ့ စနစ်တကျဆေးကုသမှု ခံယူနိုင်ပါတယ်။ 

အခမဲ့တီဘီဆေးဝါးရယူတာနဲ့ပတ်သက်ပြီး အခမဲ့တီဘီဆေးဝါးဘယ်လိုရယူမလဲမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။


ရောဂါရှင်တို့ သတိပြုဖို့

       တီဘီရောဂါပိုးဟာ ဘက်တီးရီးယားပိုးဖြစ်ပြီး အပေါ်မှာပြောခဲ့တဲ့အတိုင်း ကူးစက်တတ်တယ်ဆိုတဲ့နေရာမှာ အရမ်းကိုသေးငယ်တဲ့ အရည်စက်လေးတွေကတဆင့် (ချွဲ၊ သလိပ်၊ နှာရည်၊ တံတွေး စသဖြင့်) ကူးစက်တတ်တာမျိုးပါ။ အဲဒါကြောင့် ရောဂါရှင်စကားပြောတဲ့အခါ၊ ချောင်းဆိုးနှာချေတဲ့အခါ၊ တံတွေးထွေးတဲ့အခါမျိုးတွေမှာ တခြားသူတွေကို ကူးစက်စေနိုင်ပါတယ်။ 
       ဒါကြောင့် တီဘီရောဂါဖြစ်နေပြီဆိုရင် အိမ်မှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ချောင်းဆိုးနှာချေတဲ့အခါ လက်ကိုင်ပုဝါအသုံးပြုပါ။ တံတွေးသလိပ်ထွေးပြီးတဲ့အခါ ကိုယ်ထွေးခဲ့တဲ့နေရာကို ရေနဲ့သန့်စင်အောင်လောင်းဆေးပါ။ စကားပြောတဲ့အခါနဲ့ လူကြားထဲသွားတဲ့အခါမှာလည်း Mask တပ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။
       တီဘီရောဂါဟာ အဲဒီလိုကူးစက်စေတယ်ဆိုပေမယ့်လည်း အရမ်းကိုအလွယ်တကူနဲ့ ခရီးသွားဟန်လွှဲ ကူးစက်စေနိုင်တာတော့ မဟုတ်ပါဘူး။ ရောဂါရှင်နဲ့ နေ့စဉ်အနီးကပ်ထိတွေ့နေရတဲ့ မိသားစုဝင်တွေက ကူးစက်ဖို့အလွယ်ဆုံးဖြစ်ပြီး ရောဂါရှင်နဲ့ အမြဲတမ်း တပူးတွဲတွဲနေလေ့ရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပေါင်းအသင်းတွေက ကူးစက်ဖို့လွယ်ကူတာပါ။ ဒါကြောင့် ရောဂါရှင်တွေအနေနဲ့ မိမိကိုယ်ကိုဂရုစိုက်သလို ကိုယ့်ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့လည်း အရေးကြီးပါတယ်။
        နောက်ထပ် အင်မတန်အရေးကြီးတဲ့အချက်ကတော့ ရောဂါရှင်တွေအနေနဲ့ တီဘီဆေးကုသမှုခံယူပြီး ၂ ပတ်ကနေ ၂ လဝန်းကျင်မှာ ခံစားနေရတဲ့ဝေဒနာတွေ သိသိသာသာ သက်သာပျောက်ကင်းပြီး လူကောင်းပကတိအတိုင်း ပြန်ဖြစ်လာပါလိမ့်မယ်။ အဲဒီအခါကျရင် ကိုယ့်သဘောနဲ့ကိုယ် ဆေးကိုဖြတ်မပစ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။ ဘယ်လိုပဲနေပြန်ကောင်းလာပါစေ၊ ဆေးကိုတော့ သတ်မှတ်ကာလအထိ နေ့စဉ်နေ့တိုင်း မပျက်မကွက်သောက်သွားဖို့ လိုအပ်ပါတယ်။
       သတ်မှတ်ကာလမပြည့်သေးဘဲ ဆေးဖြတ်လိုက်ရင် အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဆေးကို သောက်လိုက်ပျက်လိုက်ဖြစ်နေမယ်ဆိုရင်လည်း ဆေးယဉ်ပါးတီဘီဖြစ်သွားနိုင်တာကြောင့် နေ့စဉ်ပုံမှန်သောက်ဖို့ အထူးဂရုစိုက်ရမှာပါ။ ဆေးယဉ်ပါးတီဘီဖြစ်သွားတဲ့အခါ ကုသရပိုမိုခက်ခဲပြီး အချိန်ကာလအားဖြင့်လည်း အများကြီးပိုယူရတော့မှာပါ။ ဒါကြောင့် တီဘီဖြစ်ပြီဆိုရင် ကျွမ်းကျင်သူတွေညွှန်ကြားထားတဲ့အတိုင်း ဆေးကို နေ့စဉ်ပုံမှန် မပျက်မကွက်သောက်ကြဖို့ အထူးတိုက်တွန်းပါတယ်။





       

No comments:

Post a Comment